လယ်ဝေး သြဂုတ် ၂၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း ကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စေ့စပ်ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်ပြီး အ.ထ.က(သပြေပင်)၊ Grade.11မှ မောင်မင်းသန့်ကိုကိုက လူငယ်နှင့်ကျန်းမာရေး၊ မနန်းချစ်ချစ်မိုးက လူငယ်နှင့် စာဖတ်ခြင်း၊ Grade-10 မှ မောင်အောင်ဘုန်းမြတ်က လူငယ်နှင့်စာရိတ္တ၊ မငွေနှင်းဖွေးက လူငယ်နှင့်ယဉ်ကျေးမှု စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူလေးများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားပေး ခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသားကျောင်းသူလေးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ဆိုင်ရာအသိပညာပေး စာအုပ်ပြပွဲများအား ကျောင်းသားကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
ဝေကြည်(ပြန်/ဆက်)