သီပေါမြို့ အမှတ်(၂)အခြေခံပညာအထက်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

သီပေါ ဩဂုတ် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဩဂုတ်လ ၁၈ ရက်နေ့၊ မွန်းလွဲ(၁)နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အထက်တန်းပြဆရာမ ဒေါ်ညိုမီအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးကလူငယ်များသည် နိုင်ငံတော်အတွက်တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့်ပြည်စုံသည့် လူငယ်များ ပေါ်ထွန်း လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိပြီး အသိပညာဗဟုသုတများဖလှယ်နိုင်စေရန်၊ ယဉ်ကျေးလိမ္မာစွာ ပြောဆိုတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် လူအများရှေ့တွင် ပြောဆိုဆွေးနွေးတတ်စေရန်တို့အတွက်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ Grade-11 နှင့် Grade-10 ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ထက်မြက်ကျော်၊ မသိင်္ဂီအောင်၊ မောင်နေမျိုးသန့်နှင့်မသင်းသန္တာခိုင်တို့က လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်ကြီးပွားရေး စသည့် ခေါင်းစဉ်များနှင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် စကားဝိုင်းသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ ကိုမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများမှ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါစကားဝိုင်းသို့ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်/ဆက်ဦးစီးဌာနမှ လူငယ်ဆိုင်ရာအသိပညာပေးနံရံကပ် စာစောင်နှင့် ဓာတ်ပုံများကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)