နမ့်စန်(တ) ဩဂုတ် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ယူရီးယား ဓာတ်မြေဩ ဇာများအား တောင်သူများထံ ဆက်လက်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၁၉ရက်နေ့ နေ့လယ် ၂ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးမြသိန်းက ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများ နည်းစနစ် မှန်ကန်စွာနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ ခရိုင်လဝက ဦးစီးမှူး ဦးအောင်ဇော်ထွန်း ၊ ခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူး အောင်မင်းဦး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး(ခရိုင်တာဝန်ခံ)ဦးမြသိန်းနှင့် တာဝန်ရှိသူများက မြို့နယ် အတွင်း ကျေးရွာအုပ်စုများရှိ မျိုးစေ့ထုတ်(၂၂)ဧက ၊ မိုးစပါးစံပြစိုက်ကွက် ဧက (၄၀)နှင့် မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိရေး ဧက(၂၆၆)စုစုပေါင်း (၃၂၈)ဧကအတွက် တစ်ဧက တစ်အိတ် နှုန်းဖြင့် တောင်သူ(၁၈၈)ဦးအား စုစုပေါင်း ယူရီးယား ဓာတ်မြေဩဇာ ၃၂၈ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။
သူရအောင်(ပြန်/ဆက်)