ကျောက်ဖြူ ဩဂုတ် ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ပါမောက္ခများ၊ ကထိကများ၊ လက်ထောက်ကထိကများ၊ နည်းပြသရုပ်ပြများနှင့် တိုင်းရင်သားဘာသာစာပေသင် အထောက်အကူပြု ဆရာ၊ ဆရာမ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ တိုင်းပြည်တစ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုတိုင်းပြည်အတွင်းတွင်ရှိသည့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအပေါ် အဓိကတည်မှီနေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် တွင် ပါဝင်သော “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေး အတွက် လူတိုင်းလက်လှမ်းမှီသည့် ဘက်စုံပညာ ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” ဆိုသည့် ဦးတည်ချက်များအတိုင်း ထည့်သွင်းအကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများပေါ်ထွန်းရန် လိုအပ်လာသလို ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများထံတွင်လည်း လေ့လာသင်ယူရန်လိုအပ်ပါကြောင်း၊ မိမိတို့သက်ဆိုင်ရာကျောင်းများတွင် တာဝန်ပေးအပ်လာသည့်အခါတွင် ရခိုင်ပြည်ကြီး၏ သားကောင်းရတနာများ ဖြစ်သော လူသားအရင်းအမြစ်များကို စေတနာ၊ အနစ်နာ၊ ဝါသနာ၊ ဂရုနာထားပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်အောင် မွေးထုတ်ပေးကြလိုပါကြောင်း၊ တိုင်းရင်းသားစာပေ သင်ကြားမှုသာမက ကျောင်းသင်ဘာသာရပ်များ သင်ကြားရာတွင်လည်း တာဝန်ယူစေတနာထား ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲတွင် ပို့ချမည့်ဘာသာရပ်များအား စိတ်ဝင်တစားလေ့လာသင်ယူကြရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးပြီး ဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံများကို မိမိတာဝန်ကျရာ ဒေသအသီးသီးရှိ ကျောင်းသားလူငယ်များကို ပြန်လည်မျှဝေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက တိုင်းရင်သားဘာသာစာပေသင် အထောက်အကူပြု ဆရာ၊ ဆရာမ သင်တန်းသား/ သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းသား/သင်တန်းသူများကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှပေးအပ်သည့် အမှတ်တရလက်ဆောင်များအား ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် သင်တန်းသား/သင်တန်းသူများမှ လက်ခံရယူကြသည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများကို သင်တန်းသား/သင်တန်းသူများက တိုင်းရင်းသားရေးရာ အကအလှဖြင့် ကပြဖျော်ဖြေရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ဂုဏ်ပြုချီးမြင့်ငွေများပေးအပ်၍ သင်တန်းသား/သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
အဆိုပါ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃) ကို ရခိုင်ပြည်နယ်အတွင်းမှ သင်တန်းသား/သင်တန်းသူ (၃၄၅) ဦးတက်ရောက် ဆွေးနွေးကြမည်ဖြစ်ပြီး (၁၄-၈-၂၀၂၃) မှ (၂၅-၈-၂၀၂၃)ထိ ဆယ်ရက်တာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)