လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင် တန်းဖွင့် ပွဲကျင်းပ

လယ်ဝေး သြဂုတ် ၁၉

သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာန၊ အသေးစားထုတ် ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းဆိုင်ရာ အမျိုးသမီးများ ဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာတွင် ကျင်းပသည်။

ရှေးဉီးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဉီးသိန်းတိုးက အမှာစကား ပြောကြားရာတွင် ဝင်ငွေတိုးစီမံကိန်း သင်တန်းများကို ကျေးရွာပေါင်း ၁၅၅ ရွာတွင် ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ယခုပေါက်မြိုင်ကျေးရွာအုပ်စုမှ ဒေသခံများရဲ့ လိုလားချက်အရ လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် မွမ်းမံသင်တန်းကို ဖွင့်လှစ်မှာဖြစ်ပြီး နေ့စဉ်အသုံးပြုရသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ အမျိုးသမီးများ အနေဖြင့် အိမ်မကွာအိုးမကွာဖြင့် ဝင်ငွေရရှိသည့် လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသင်တန်းတွင် အမှန်တကယ် လုပ်ငန်းထူထောင်နိုင်မည့်သူ သင်တန်းဆင်း ၅ ဉီးအား ရွေးချယ်ပြီးဌာနမှ ငွေကျပ် ၁၀ သိန်းနှင့် ညီမျှသော ထောက်ပံ့ ပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ၃ လအတွင်း လုပ်ငန်းစတင်နိုင်ပြီး အနည်းဆုံး ၃နှစ်ဆက်တိုက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသခံကော်မတီဝင် များကိုရွေးချယ်ပြီး ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ထွန်းကားလာခြင်းဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြား သည်။

ထို့နောက် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဝင်များနှင့် သင်တန်းသား /သင်တန်းသူများက တစ်ဉီးချင်းမိတ်ဆက် စကားပြောကြားသည်။ အဆိုပါသင် တန်းတွင် ဆပ်ပြာရည်မျိုးစုံ၊ ခေါင်းလျှော်ရည်မျိုးစုံ၊ ဆပ်ပြာခရင်မ်၊ ဆပ်ပြာခဲမျိုးစုံ၊ Hand Gel၊ Spray၊ Body Scrub စသည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းများအား ၇ ရက်ကြာ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဝေကြည်(ပြန်/ဆက်)