မိုးကောင်းမြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မိုးကောင်း ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အ.ထ.က(၂)ကျောင်း ရတနာခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က (၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းရည်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်၍ အ.ထ.က(၂)ကျောင်းမှ Grade 10 ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မောင်သီဟအောင်သူက လူငယ်နှင့်စည်းကမ်းခေါင်းစဉ် ဖြင့်လည်းကောင်း၊ မောင်လရှီဘရန်ဂျာက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပြည့်စုံအောင်နှင့် မောင်အောင်ကိုလတ်တို့က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခိုင်သဇင်စိုးနှင့် မဂျာဆိုင်းအိန်တို့က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခက်ခက်အောင်က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ဦးဆောင်ဆွေးနွေးသူက ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။

ထို့နောက် ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင် (၂၅၀)အုပ်နှင့် လူကုန်ကူးခြင်းဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်နှင့် မုန်တိုင်းအတွက် သတိပြုလိုက်နာရန် အချက်များ၊ မူးယစ်ဆေးအန္တရာယ်အသိပညာပေးအချက်များ၊ အပူဒဏ်ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)