ညောင်ဦး ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြှင့်တက်လာခြင်းကြောင့် မြစ်ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်အချို့အား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရေးဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပေးထားခြင်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအား ယမန်နေ့ နေ့ခင်း ၂ နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြှင့်တက်ချိန် မြေနိမ့်ပိုင်းရပ်ကွက်များမှ နေအိမ်အချို့နှင့် မြစ်ကမ်းဘေးနေအိမ်အချို့ မြစ်ရေဝင်ရောက်မှုများရှိကာ ရေဘေးကယ်ဆယ်ရေးစခန်းများ ယာယီဖွင့်လှစ်ပေးထားလျက်ရှိကြောင်း အမှတ်(၇)၊ ဝက်ကြီးအင်းရပ် ကွက်အတွင်းရှိ မြသိန်းတန်ဘုရားကြီးတွင် လည်းကောင်း၊ မြတောင်ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ ရေဘေး ကယ်ဆယ်ရေးယာယီ စခန်းများ ဖွင့်လှစ်ထားရှိလျက်ရှိရာ အိမ်ထောင်စု (၇) စု၊ လူဦးရေအမျိုးသား (၁၇) ဦး၊ အမျိုးသမီး (၁၅) ဦး၊ စုစုပေါင်း (၃၂) ဦးတို့အား ယာယီဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံလျက်ရှိပြီး ရေဘေးရှောင်ပြည်သူများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မှဝန်ထမ်းများက ဆန်ရိက္ခာ(၇) ရက်စာ (၆၇၂၀၀) ကျပ်အား ရေဘေးခိုလှုံပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကာ ရေးဘေးခိုလှုံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း