ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း စစ်တွေတက္ကသိုလ်၌ ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြော

စစ်တွေ ဩဂုတ် ၁၉

စစ်တွေတက္ကသိုလ် ဥပဒေပညာဌာန၌ ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေတက္ကသိုလ်တွင် ကျင်းပသည်။  ဦးစွာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်နှင့် ဥပဒေပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဥမ္မာစန်းတို့က ဥပဒေပညာအကြောင်း သိကောင်းစရာများ ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မြန်မာနိုင်ငံ၏ တည်ဆဲဥဒေများအကြောင်း၊ ဒီမိုကရေစီအတွက် ဥပဒေကဏ္ဍအရေးကြီးပုံ၊ ဥပဒေကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက် ဥပဒေပညာရှင်များအဖြစ် တစ်ဖက်တစ်လမ်းမှ တာဝန်ထမ်းဆောင်နိုင်သူ များဖြစ်ရမည်ဟူသော စိတ်ဓာတ်၊ ဥပဒေပညာကိုအခြေခံ၍ ကျောင်းတွင်း စည်းကမ်းများလိုက်နာပြီး ပညာသင်ယူဆည်းပူးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများတွင် ဥပဒေပညာရှင်များ၏ အခန်းကဏ္ဍနှင့် နိုင်ငံနှင့်ပြည်သူများအကျိုးကို ထမ်းဆောင်နိုင်မည့် မိမိတို့ကိုယ်တိုင်ဗလငါးတန်နှင့်ပြည့်ဝသော ဥပဒေကျောင်းသား၊ ကျောင်းသူများဖြစ်ရမည်ဟု ခံယူချက်ဖြင့် ပညာသင်ကြားကြရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဥပဒေပညာဌာန၊ ပါမောက္ခဌာနမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)