သထုံ ဩဂုတ် ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(၂) သထုံကျောင်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူ လေးဦးတို့က “လူငယ်နှင့် ပညာရေး” “လူငယ်နှင့် စာပေ” “လူငယ်နှင့် ကိုယ်ကျင့်တရား” “လူငယ်နှင့် လူမှုဆက်ဆံရေး” ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှု လေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင် ဆွေးနွေးသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး အ.ထ.က(၂)သထုံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာကြည်က လူငယ်စကားဝိုင်းလာရောက် ပြုလုပ်ပေးရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်