မူဆယ် ဩဂုတ် ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ကောင်းမှုတုံရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးဌာန ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေစုစုပေါင်း (၂၅၀၁) သိန်းဖြင့် ဆောင်ရွက်ခဲ့သော မောက်ကောန် (မြေနီကုန်း) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားပြီး မူဆယ်မြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ၊ဦးမျိုးနိုင်ဦးက လမ်းလုပ်ငန်းဆောင်ရွက်မှုများနှင့်ပက်သက်၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းမှာ အတိုင်းအတာအားဖြင့် (လမ်းအရှည် ၂၁၆၅'၊ အကျယ် ၁၈'၊ ထုထည် ၈") ရှိကာ ဂရိတ်ဟော်ခမ်း ကုမ္ပဏီလီမိတက်မှ (၇.၇.၂၀၂၃) ရက်မှစ၍ (၉.၈.၂၀၂၃) ရက်နေ့အထိ (၁)လတိတိဖြင့် ပြီးစီးအောင် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းလမ်းခင်းစရိတ်ကုန်ကျငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်ရရှိသော ငွေ (၁၀၂၄)သိန်း၊ မူဆယ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၄ခုနှစ် ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် (၆၃၅.၇၈)သိန်း၊ ကွန်ကရစ် ဖျော်စက်လုပ်ငန်းရှင်များမှ လှူဒါန်းငွေ (၂၀၄)သိန်း၊ ဂရိတ်ဟော်ခမ်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ လှူဒါန်းငွေ (၅၀၁)သိန်း၊ မြို့ပေါ်အလှူရှင်များမှ လှူဒါန်းငွေ(၁၃၆.၂၂)သိန်း၊ စုစုပေါင်း (၂၅၀၁)သိန်းကုန်ကျခဲ့ကြောင်း၊ ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီခဲ့သည့်အတွက် မူဆယ်မြို့ ပြည်သူများအနေဖြင့် သွားလာဆက်သွယ်ရေး ပိုမိုအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ မိမိတို့အနေဖြင့်လည်း ဝမ်းမြောက်မိကြောင်းနှင့် ယခုဘဏ္ဍာနှစ်တွင်လည်း နှစ်စဉ်ရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ မြို့ပေါ်ရပ်ကွက်များကို အမှန်တကယ် အကျိုးပြုမည့် လမ်း၊ တံတား၊ လုပ်ငန်းများအား လျာထား ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကွန်ကရစ်လမ်းပြီးမြောက်အောင် ဌာနနှင့်ပြည်သူများပူးပေါင်းပြီး လုပ်ဆောင်နိုင်ရေးအတွက် ကူညီပေးခဲ့သည့် မူဆယ်ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တကွ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံးနှင့်ကွန်ကရစ်လမ်းကို တာဝန်ယူဆောင်ရွက်ပေးခဲ့သော ဂရိတ်ဟော်ခမ်းကုမ္ပဏီလီမိတက်ကိုလည်း ကျေးဇူးတင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကွန်ကရစ်လမ်းဖွင့်ပွဲအတွက် ပါဝင်လှူဒါန်းခဲ့သော စေတနာအလှူရှင်များကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဗိုလ်မှူးကြီး ဇော်မင်းထက်နှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လမ်းခင်းထားမှုအခြေအနေများကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများ၊ မူဆယ်မြို့ရပ်မိရပ်ဖများက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)