မြစ်ကြီးနား သြဂုတ် ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သား၊ စိမ်းလန်း လုပ်သားများနှင့် ညစောင့်လုပ်သားများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၁၇ ရက် ညနေ ၃ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်က စည်ပင်သာယာရေးဝန်ထမ်းများသည် မြို့/ရွာများ သန့်ရှင်းသာယာလှပလာစေရေးအတွက် ဆောင်ရွက်ရသော ဝန်ထမ်းများဖြစ်သဖြင့် သန့်ရှင်းရေးဝန်ထမ်းများ၏ မိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး တစ်ဖက်တစ်လမ်း အကူအညီဖြစ်စေရေး ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် မိမိတို့အနေဖြင့် ဝန်ထမ်းများအား အခါအားလျှော်စွာထောက်ပံ့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးဦးကျော်လင်းက စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအတွက် နေထိုင်စားသောက်မှုအပြင် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးလှမိုးက အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ သန့်ရှင်းရေးလုပ်သား ၁၂၂ ဦး၊ စိမ်းလန်းစိုပြေရေးလုပ်သား (၅၀)ဦး၊ ရေပေးရေးလုပ်သား (၂၃)ဦးနှင့် ဈေးသန့်ရှင်းရေးနှင့် ညစောင့်လုပ်သား (၄၈)ဦး စုစုပေါင်း (၂၄၃)ဦးတို့ အတွက် တစ်ဦးလျှင် ဆန် (၄)ပြည်၊ ဆားတစ်ထုတ်၊ ဆီ၊ ကုလားပဲ၊ အားလူး၊ ကြက်သွန်နီ၊ ဝက်သား ၅၀ ကျပ်သားစီနှင့် ကြက်ဥ ၁၀ လုံးစီတို့ဖြင့် စုစုပေါင်းငွေကျပ် ၈၈၉၃၈၉၉ တန်ဖိုးကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို (၁၀.၅.၂၀၂၃) ရက်နေ့တွင် ပထမအကြိမ်အဖြစ် ဝန်ထမ်း(၂၄၃)ဦးတို့ အတွက် လည်းကောင်း၊ (၁၄.၇.၂၀၂၃)ရက်နေ့က ဒုတိယအကြိမ်အဖြစ် ဝန်ထမ်း(၄၀၀)ဦးတို့ အတွက်လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်