မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က(မိုင်းဆတ်)ကျောင်း ကောင်စီဖလားဘောလုံးပြိုင်ပွဲကျင်းပ

မိုင်းဆတ် ဩဂုတ် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က(မိုင်းဆတ်)ကျောင်းကောင်စီ ဖလားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲ က အောင်ဇေယျဘက်စုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  အ.ထ.က(မိုင်းဆတ်)မှ ကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးက ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးကာ စည်းလုံးညီညွတ်မှုရရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်း၊ အ.ထ.က(မိုင်းဆတ်)ကျောင်းမှ လိမ္မော်၊ အဝါ၊ အစိမ်း၊ အနီ၊ အပြာ အသင်း(၅)သင်းရှိ ကျောင်းသား အချင်းချင်း ယှဉ်ပြိုင်သည့်ပွဲ ဖြစ်သည့်အတွက် အနိုင်၊ အရှုံး ပဓာနမထားဘဲ အားကစားစိတ်ဓာတ်ဖြင့်သာ ယှဉ်ပြိုင်ကစားကြရန် စသည်ဖြင့် အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် ကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆို အလေးပြုခဲ့ကြသည်။

ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအနေဖြင့် လိမ္မော်အသင်းနှင့် အပြာအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်ကြည်နူးစွာ အော်ဟစ်အားပေးခဲ့ကြပြီး ကစားရန်ကျန်ရှိသည့် အသင်းများသည် ဩဂုတ်လ(၁၈)ရက်နေ့မှ (၂၆)ရက်နေ့အထိ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။

အဆိုပါ ကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲအား အမှတ်ပေးစည်းမျဉ်းဖြင့် ဆုံးဖြတ်သွားမည်ဖြစ်ပြီး အမှတ်အားလုံးတူညီနေပါက ပထမနေရာရွေးချယ်မှုကို ပင်နယ်တီဖြင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အ.ထ.က(မိုင်းဆတ်) ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)