သာစည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

သာစည် ဩဂုတ် ၁၉

မန္တလေးတိုင်း‌ဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီးလူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ် (၁၈) ရက်နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက်  မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းကဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ Grade-11 မှ မောင်ထွဋ်နေက လူငယ်နှင့်သင်ယူခြင်း၊ မောင်ဟိန်းထက်ကျော်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ မသီရိရွှေစင်က   လူငယ်နှင့်အချိန်ကို အကျိုးရှိစွာအသုံးချခြင်းနည်းပညာ၊ မောင်ထွန်းမြင့်မြတ်က လူငယ်နှင့်နည်းပညာ၊ မခွန်းဆင့်ဆင့်ဆုက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် ဆွေးနွေးသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက အဆိုပါ ခေါင်းစဉ်များနှင့်ပတ်သက်၍ မိမိတို့အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်းနောက် အထက (၁) ကျောင်းအုပ်ဆရာမ ဒေါ်ရီရီဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသား/သူများက အသိပညာပေး ပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)