တံတားဦးမြို့နယ် ပြူကန်(စံပြ)ကျေးရွာတွင် နို့နှင့် နို့ထွက်ပစ္စည်းတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဆင်းပွဲ ကျင်းပ

တံတားဦး ဩဂုတ် ၁၉

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြူကန်(စံပြ)ကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နို့နှင့် နို့ထွက်ပစ္စည်းတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျေးရွာ ရွှေသိမ်တော်ကျောင်းတိုက် သဟပုညကာရီဓမ္မာရုံအတွင်း၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက် ကသင်တန်းဆင်း အမှာစကားပြောကြားရာတွင် ကျောက်ဆည်ခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာန ခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး ဝန်ထမ်းများက  စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအား စာတွေ့၊ လက်တွေ့ သင်ကြားပေးပြီးဖြစ်ရာ သင်တန်းသား/သူများအနေဖြင့် ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး၊ ကုန်ကြမ်းမှ တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်နိုင်ခြင်းဖြင့် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများလုပ်ကိုင်လာပြီး ဝင်ငွေတိုးပွားလာမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်သည်။ ကျောက်ဆည်ခရိုင် အသေးစားစက်မှု လက်မှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းက သင်တန်းသား/သူများကို သင်တန်းထုတ်ကုန်များပေးအပ်ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသား ဦးအောင်ကျော်စိုးလွင်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများ ထုတ်လုပ်ထားသည့် နို့နှင့် နို့ထွက်ပစ္စည်းတန်ဖိုးမြှင့် စားသောက်ကုန်များကို လှည့်လည်ကြည့်ရှုအပေးပြီး သင်တန်းသား/သူများနှင့် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)