နေပြည်တော် သြဂုတ် ၁၉
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးသည် ယမန်နေ့ညနေပိုင်းက လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် ရဲမှူးမိုးကျော်သူနှင့်တာဝန်ရှိသူများသည် ဧလာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ဦးဇင်မင်းထွန်း၏ အသားတိုးဝက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာလှမျိုးသန့်က လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးချဲ့ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရေလည်ကွေ့ကျေးရွာနေ ဦးဘရန်မိုင်၏ ဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လက်ရှိမွေးမြူနေသောအခြေအနေ၊ တိုးချဲ့မွေးမြူမည့် အခြေအနေများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာလှမျိုးသန့်က ရှင်းလင်းတင်ပြပါသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က တိုးချဲ့မွေးမြူမည့်အစီအစဉ်များအရ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သော လယ်ဝေးမြို့နယ်၊ ဧလာအုပ်အုပ်စု၊ ရွာသစ်ကျေးရွာရှိ ဦးဇင်မင်းထွန်းသည် လက်ရှိမွေးမြူနေသော အသားတိုးဝက် (၈၂) ကောင်အပြင် တိုးချဲ့မွေးမြူနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ၁ ယူနစ် အကောင် (၁၀၀) အားလည်းကောင်း၊ ရေလည်ကွေ့ကျေးရွာနေ ဦးဘရန်မိုင်ဝက်ခြံတွင်လည်း လက်ရှိအကောင် (၃၀) မွေးမြူထားရာမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူလိုသော ၁ ယူနှစ် အကောင်ရေ ၁၀၀ အားလည်းကောင်း စုစုပေါင်း ၂ ယူနစ် အကောင်ရေ (၂၀၀) တိုးချဲ့မွေးမြူသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)