မိုင်းနောင် သြဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအခြေပြလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ်(၁:၃၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက အဖွင့်အမှာစကားပြောကြား၍ ကျေးသီးမြို့နယ် ဆရာဝန်ကြီးဒေါက်တာမောင်မောင်မြတ်ဗိုလ်သူက မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါလက္ခဏာများအား အသေးစိတ်ရှင်းလင်းခြင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖျားနာခြင်းများရှိပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်စစ်ဆေးမှုခံယူရန် ရှင်းလင်းဟောပြောခြင်း၊ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ခံဆရာမ ဒေါ်နန်းမေထားက ကလေးငယ်များ၏ သွားနှင့် ခံတွင်းကျန်းမာရေးအကြောင်းများအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူနှင့် ကျန်းမာရေးဝန်ထမ်းများသည် KG ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်ဆေး၊ သွားတိုက်တံများပေးအပ်ကာ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်း၊ ဆေးမှုတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)