မဟာအောင်မြေ ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲကို၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီး ဦးကျော်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က လူငယ်ရေးရာ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ရာတွင် ကျောင်းသား/ ကျောင်းသူများ စာပေနှင့်နီးစပ်မှုရှိစေရန်၊ စာအုပ်၊ စာပေဖတ်ရှုသည် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေ၊ဗဟုသုတပေါကြွယ်ဝမှ လူဘောင်အဖွဲ့အစည်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး နိုင်ငံဂုဏ်၊ လူမျိုးဂုဏ်ကိုမြင့်မားအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီးနောက် မဟာအောင်မြေမြို့နယ် အားကစားမှူး ဦးရှီးမွန်က လူငယ်ရေးရာဟောပြောပွဲနှင့်ပတ်သက်၍လည်း လူငယ်တွေဟာ အနာဂတ်မျိုးဆက်သစ်တွေဖြစ်ကြောင်း၊ စာပေတွေကို လေ့လာမှတ်သားရသလို ကိုယ်ကာယကျန်းမာဖို့အတွက် အားကစားနှင့်ပတ်သက်၍ အားကစားသည် လူငယ်တွေအတွက် လေ့ကျင်းမှုလည်း ပြုလုပ်သင့်ကြောင်း၊ အားကစားလုပ်လျှင် ပညာရေးအတွက်လည်း အထောက်အကူပြုပြီး ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ကောင်းမွန်ကြောင်း၊ အားကစားလုပ်ခြင်းသည် ဉာဏ်ရည်ကိုဖွံ့ဖြိုးစေပြီး စိတ်ဓာတ်ကို ခွန်အားဖြစ်စေနိုင်ကြောင်း စသည့် အကြောင်းအရာများအား ဟောပြောခဲ့ပြီး အားကစားမှူး ဦးရှီးမွန်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံစာစောင်များအား ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအန္တရာယ် လက်ကမ်းစာစောင်များလည်း (အခမဲ့) ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်အောင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးတက်ရောက်ကြောင်း သိရသည်။
အောင်ဇော်မင်း