လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး သင်တန်းဆင်းပွဲ ကျင်းပ

လားရှိုး ဩဂုတ် ၁၉

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်းမြောက်ဇုန်)တို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ လားရှိုးမိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က သင်တန်း ဆင်းအမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ဦးက သင်တန်းဖွင့်လှစ်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်သည့် အကြောင်းအရာများကို  ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ဧည့်ကြို ဝန်ဆောင်မှုသင်တန်းတွင် ပထမဆု ဒေါ်ဆုထူးပန်(Great City Hotel)၊ ဒုတိယဆု ဒေါ်လွင်လွင်အေး (Lashio Motel)၊ တတိယဆု ဦးပြည့်ဖြိုးစံ (Gold Mount Hotel)၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းတွင် ပထမဆု ဒေါ်လှဌေး(ရွှေရာစုဟိုတယ်)၊ ဒုတိယဆု ဒေါ်တင်ဇာခိုင်(Sunny Hotel)၊ တတိယဆု ဒေါ်နော်မေစီခက်ထက်သာ (ရီရှင်းဟိုတယ်)၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်းတွင် ပထမဆု ဒေါ်မေစန္ဒီကျော် (Two Elephants Hotel )၊ ဒုတိယဆု ဦးငြိမ်းမင်းအောင် (မူဆယ်ဒိုင်းမွန်းဟိုတယ်)၊ တတိယဆု ဒေါ်ယုယုဝေ (မန်ဆူဟိုတယ်)တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးမှ ဘာသာရပ်သင်တန်းအလိုက် သင်တန်းဆင်းလက်မှတ်များကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းကလည်းကောင်း၊ သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ဦးကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ သီပေါ၊ တန့်ယန်းမြို့များမှ ဟိုတယ်ဆိုင်ရာဝန်ထမ်း(၁၂၅)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)