ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပုဏ္ဏားကျွန်း ဩဂုတ် ၁၉

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်ချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဩဂုတ်လ (၁၇) ရက်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်အဆင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တို့ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်များရှိ ဈေးဆိုင်များနှင့် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့က မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန် ပစ္စည်းများအရောင်းဆိုင်များ၊ ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ ဆန်ပွဲရုံများနှင့် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များ လူသုံးကုန်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းတင်ရောင်းချခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းတင် ရောင်းချခြင်းများ မပြုလုပ်ကြရန် သတိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)