တနိုင်း သြဂုတ် ၁၉
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလွန်-ကောင်ဂျာကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူအများကြားဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများရရှိလာစေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုလှိုင်က အားကစားဆိုင်ရာ အကြောင်းအရာများ၊ အားကစားနှင့်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲနှင့်အတူ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အလားတူ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မွန်းလွဲ (၁) နာရီခွဲက အခြေခံပညာမူလွန်-ဟူးကောင်း ကျောင်းတွင်လည်း ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)