ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သွင်းအားစု အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်း သင်တန်းပို့ချ

ဝိုင်းမော် ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဒေသခံတောင်သူများအား စိုက်ပျိုးရေးသုံးသွင်းအားစု အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်နည်း စာတွေ့လက်တွေ့သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ရပ်ကွက် (၂) ရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ရုံးဝန်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးယဉ်မင်းစိုးက ယနေ့ အချိန်အခါတွင် ကုန်ဈေးနှုန်းများကြီးမြင့်နေပြီး ဒေသခံတောင်သူများ အနေဖြင့်လည်း မြင့်တက်လာသည့် ကုန်ဈေးနှုန်းများအရ လယ်ယာသုံး သွင်းအားစုများဖြစ်သည့် ပိုးသတ်ဆေး၊ မြေဩဇာ စသည့်တို့အား ဝယ်ယူသုံးစွဲရန် ခက်ခဲလာမှုကြောင့် ယခုကဲ့သို့ ကုန်ကျမှုသက်သာပြီး ထိရောက်သည့် သဘာဝဘိုကာရှီမြေဩဇာ ပြုလုပ်နည်းသင်တန်းအား ဖွင့်လှစ်သင်ကြားပေး ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး သဘာဝမြေဩဇာတွင် ပါဝင်သည့် သစ်ရွက်ခြောက်၊ နွားချေး၊ စပါးခွံ စသည်တို့အား အချိုးကျရောစပ်၍ ကုန်ကျမှုနည်းသည့် အီးအမ်ဘိုကာရှီသဘာဝ မြေဩဇာပြုလုပ်နည်းအား တက်ရောက်လာသည့် တောင်သူများနှင့်အတူ လက်တွေ့လိုက်ပါ လုပ်ဆောင်စေကာ လေ့ကျင့်ဆွေးနွေးပေးခဲ့သည်။

ထို့နောက် တက်‌ရောက်လာသည့် ကျေးရွာ (၁၂) ရွာမှ တောင်သူ (၃၁) တို့က  သိလိုသည်များကိုမေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် အီးအမ်ဘိုကာရှီသဘာဝမြေဇာ သုံးစွဲခြင်းကြောင့် လယ်ယာမြေ၏ သဘာဝမြေဆီမြေနှစ်များအား ထိန်းသိမ်းနိုင်ခြင်း၊ ကုန်ကျမှုသက်သာစေခြင်း၊ လယ်ယာမြေမှ အထွက်နှုန်းတိုးတက်မြင့်မားစေခြင်း စသည့်အကျိုးကျေးဇူးများအား ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖြူစင်