မိုးညှင်းမြို့၌ ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေအစီအစဉ် ပြင်ဆင်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်

မိုးညှင်း ဩဂုတ် ၁၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ အစီအစဉ် ပြင်ဆင်ရေးဆိုင်ရာသင်တန်းကို ဩဂုတ်လ (၁၇) ရက်နေ့ မွန်းလွဲ(၂)နာရီက ၎င်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းတွင် ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က ကျေးလက်နေပြည်သူများကိုယ်တိုင် ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေရန်နှင့် ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်၍ ၎င်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိုးညှင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ဟဲလုံ၊ ကန်တော်ကုန်း၊ အာဠဝီ၊ မြသီတာ၊ စုစည်းအောင်မြေ၊ ကုန်းမန၊ နန့်မီးလောင်နှင့်ဟွေလုံ စသည့်ကျေးရွာ (၈)ရွာမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၂၄)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကန်တော်ကုန်း၊ စုစည်းအောင်မြေ၊ အာဠဝီနှင့် မြသီတာကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဟဲလုံခေတ်မီစံပြကျေးရွာတွင် ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း၊ နန့်မီးလောင်နှင့် ဟွေလုံကျေးရွာတို့တွင် ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းနှင့် ကုန်းမနကျေးရွာတွင် ရေသန့်စက်နှင့် ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းများ စသည်တို့ကို အကောင်းအထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်ထံမှ သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)