မိတ္ထီလာ၊ အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျောက်ဖြူကုန်းကျေးရွာအုပ်စု၊ ပေါက်ပင်အိုင့် ကျေးရွာတွင် သောက်သုံး ရေအဆင်ပြေစေရေးအတွက် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၉.၇၇သန်း ဖြင့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင် သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများတွင် နွေရာသီတွင် သောက်သုံး ရေလိုအပ်ချက်မရှိစေရန် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ မြေသားရေကန်များ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိရာမှ သောက်သုံးရေလိုအပ်လျက်ရှိသော ပေါက်ပင်အိုင့် ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် (၉.၇၇)သန်းဖြင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ၍ စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ အလျား ပေ ၄၀၀ ၊ အနံ ပေ ၁၄၀ ၊ အနက် ၂ .၂၅ပေရှိ မြေသားရေကန်ပြန်လည်တူးဖော် ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၎င်း မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုလတ်ထံမှ သိရသည်။
အဆိုပါ မြေသားရေကန်ပြန်လည် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး၍ အိမ်ခြေ ၂၀၈ အိမ် လူဦးရေ ၁၄၀၀ ဦးရှိသည့် ကျောက်ဖြူကုန်းကျေးရွာအုပ်စု ပေါက်ပင်အိုင့်ကျေးရွာ တွင် လူနှင့် ကျွဲနွားတိရစ္ဆာန်များ သောက်သုံးရေအဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)