ကျောက်ဖြူ ဩဂုတ် ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများ ကို ရေလမ်းခရီးအန္တရာယ် ကင်းရှင်းစေရန်အတွက် ယနေ့နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မ ဆိပ်ကမ်း၌ အသက်ကယ်အင်္ကျီ (Life Jackets) စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေး ဆောင်ရွက်သည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစည်သူလင်းဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မ ဆိပ်ကမ်းသို့ သွားရောက်ပြီး ၎င်းဆိပ်ကမ်းတစ်လျှောက် ပြေးဆွဲနေကြသည့် စက်တပ်ရေယာဉ်များ၊ သမ္ဗာန်လှေများ၊ ငါးဖမ်းစက်လှေများမှ ရေလုပ်သားများနှင့် ခရီးသွားပြည်သူများကို မိုးရာသီ ကာလတွင် သဘာဝဘေးအန္တရာယ်များကြောင့် ရေယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်နိုင်သဖြင့် ခရီးသွားလာရာတွင် လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး အသက်ကယ်အင်္ကျီများကို ဝတ်ဆင်သွားလာကြရန် အသိပညာပေးများဟောပြောပြီး အသက်ကယ်အင်္ကျီ (Life Jackets) စနစ်တကျဝတ်ဆင်နည်းများကို ပြသခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း