ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး

ကျောက်ဖြူ      ဩဂုတ်   ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပုံမှန်အခြေအနေရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးများအား ထိုးနှံပေးသည်။

ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ဩဂုတ်လ ၃ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့တွင် (အလက) ကုလာဘာတောင်(မြို့)၊ အလက(ငလပွေ့)၊ မူလွန်(စေတီတောင်)နှင့် လေ့ကျင့်ရေး အလယ်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၁၂) ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း