မိုးမိတ်မြို့တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအမေများအား အစာအာဟာရနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော

မိုးမိတ်  ဩဂုတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအမေများအား အာဟာရဓာတ် လျော့နည်းမှုမရှိစေရန်အတွက် အစာ၊ အစားနှင့်အသိပညာပေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းမှ ကျန်းမာရေးဆရာမဒေါ်နွယ်နီခိုင်က အိုင်အိုဒင်ဆားစားသုံးခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း ၊ ဆရာမဒေါ်အေးန္ဒာထွန်းက ကလေးမွေးဖွားစမှစတင်၍ မိခင်နို့ကိုသာအဓိက တိုက်ကျွေးနိုင်ကြရန်နှင့် အခြားအစား အစာများကိုလုံဝမကျွေးရကြောင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစာများ၊ ရောဂါကာကွယ်စေသောအစာများ ၊ အင်အားဖြစ်စေသောအစာများကို အဓိကထားကျွေးမွေး၊ စားသုံးရမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ စနစ်တကျနို့တိုက်ကျွေးပုံပြသခြင်း၊ အာဟာရဓာတ်ရှိစေသောအစာများ ရှင်းလင်းပြောကြားခြင်းနှင့် ကြက်ဥ၊ ငှက်ပျော်သီး နှင့်အိုင်အိုဒင်ဆားများ ပေး‌ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)