ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဂဲမိုးအိုင်ခရီးစဉ်သစ် ဖော်ဆောင်ထားရှိ

 

ညောင်ဦး ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင်ခရီး စဉ်သစ်သို့သွားရောက်လေ့လာမည်ဆိုပါက ကျောက်ပန်းတောင်းမြို့မှမိတ္ထီလာဘက်အ ထွက် ၇မိုင်ခန့်ကွာ၊ ကြက်မောက်တောင်ဆည်အနီးမှမြောက်ဘက် ၂ မိုင်၃ဖာလုံခန့်အကွာ ရှိ လဲဂွရွာနှင့်လက်ပံအိုင့်ကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ မြောက်ကျောက်အိုးနှင့်ဂဲ မိုးအိုင်နေရာသို့ရောက်ရှိလေ့လာနိုင်ကြောင်းသိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင် ခရီးစဉ်ဒေသအသစ်ရှာဖွေဖော်ဆောင်ထားသည့် ဂဲမိုးအိုင်ခရီးစဉ်ဒေသအား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ တာဝန်ရှိသူများ အကြိမ်ကြိမ်အခေါက်ခေါက် အခါခါသွားရောက်လေ့လာပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရပ်ရွာအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်း အခြေခံအကြောင်းအရာများနှင့် ဂေဟစနစ်မပျက်ရှိနေသေးသည့် ပုပ္ပားတောင်မကြီး တောင်ဘက်ခြမ်းအား ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများပါစိတ်ဝင်စား မှုမြင့်တက်လာနိုင်ပြီး ဒေသခံများအလုပ်အကိုင်အခွင့်အလမ်း ရရှိစေယုံသာမက သဘာဝ တော၊ တောင်၊ရေ၊ မြေကိုလည်း မြတ်နိုးချစ်ခင်တန်ဘိုးထားစေလာနိုင်ရန်ရည်ရွယ်ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး၊ဦးမျိုးမင်းအောင်(ပုဂံရုံးခွဲ)မှရှင်းပြသည်။

ဂဲမိုးအိုင်ခရီးစဉ်ဒေသသစ်ခရီးစဉ်တွင် ဂဲမိုးအိုင်၊ လက်ငါးချောင်းအိုင်၊ ဂဲတစ်လုံးစို့ နေရာ၊ ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင်၊ ကျောက်သားလျှိုမြောင်တလျောက်ဝင်ရောက်၍ သဘာဝအခြေခံခရီးစဉ်တစ်ခုကို လက်တွေ့ခံစားကြည့်ရှု့နိုင်မည်ဖြစ်သလို၊ မြောက်ကျောက်အိုးရှိ ဒေသခံများအခေါ်ကြီးမားသည့် ကျောက်ဖြာကြီးများပေါ် ရေစီးဆင်းခဲ့ရာမှ ရေလှောင်ကန်ပုံသဏ္ဍာန်ဖြစ်ပေါ်နေခြင်းကြောင့် ကျောက်အိုးခေါ်တွင်ကြောင်း၊ ဂဲမိုး အိုင်ဟု ဒေသခံများခေါ်တွင်ရခြင်းမှာ ရေအိုင်ကြီးပေါ်ကြီးမားသည့် (ကျောက်တုံးအမိုး) ဂဲကြီးမိုးနေသည့်အတွက် ဂဲမိုးအိုင်ဟုခေါ်တွင်ကြောင်း၊ ဂဲတစ်လုံးစို့အိုင်သည် လျှိုမြောင် ကျောက်ရိုးတဘက်တချက်၏အလယ်တွင် ကြီးမားသည့် ကျောက်တုံးကြီးတည်ရှိနေခြင်းကြောင့် ဂဲတစ်လုံးစို့အိုင်ခေါ်တွင်ခဲ့ကြောင်း၊ စကောဝိုင်းအိုင်သည် ယခင်ရေစီးကြောင်း တည့်တည့်တွင် ဝိုင်းစက်စက်အနေအထားဖြစ်နေသည့်အတွက် စကောဝိုင်းအိုင်ခေါ်တွင် ခဲ့ကြောင်းသိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ခရီးစဉ်ဒေသများအနေဖြင့် လဲဂွကျေးရွာနှင့်လက်ပံအိုင့်ကျေးရွာပတ်ဝန်းကျင်၏ တောင်ဘက် ၂မိုင်ခန့်အကွာ မဟာ ဗောဓိငါးထောင် (မတ်တစ်ထောင်တောင်တန်း) နှင့်ကြက်မောက်တောင်ဆည်၊ အနောက်ဘက် ၁ မိုင်ခန့်အကွာ ငွေတွင်းတောင်တောင်တန်းတွင် ဘုရားလေးဆူအားဖူးမြှော်နိုင်ပြီး ၊မြောက်ဘက်နှစ်ဖာလုံအကွာတွင် နှစ်ပေါင်း ၉၀ကျော်ခန့်ရှိ မပုပ်မသိုးရုပ်ကလာပ်တော် ဦးစန္ဓမထေရ်(ရဟန္တာ)ကိုဖူးမြှော်နိုင်ပြီး၊ လဲဂွရွာရွှေနတ်တောင်ကုန်းပေါ်တွင်တည်ထားသည့် ရွှေနတ်တောင်စေတီဘုရားစုကိုဖူးမြှော်နိင်ပေသည်။ အဆိုပါ ရွှေနတ်တောင်စေတီ သမိုင်းအားရွာထဲရှိသက်ကြီး ဘိုးဘွားများ၏တဆင့်စကားအရ ရွှေဖျင်းညီနောင် ညီအကို နှစ်ဦး ရွှေနတ်တောင်ဘုရားပွဲတိုင်းလာရောက်ဆွမ်းကပ်၊ပျော်စံသည့် ဘုရားဖြစ်ကြောင်း လည်းသိရသည်။ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် သင့်လျော်သည့် ခရီးစဉ်ဒေသအသစ်များ၊ရှာဖွေဖော်ထုတ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်နှင့် ပြည်တွင်းပြည်ပခရီးသွားများ တောတောင်ရေမြေသဘာဝအ လှအပများကို ခံစားနိုင်စေရန်ရည်ရွယ်၍ ခရီးစဉ်ဒေသအသစ်များဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရှိရသည်။

ဒီပါလင်း

ဦးဝင်းထိန် ညောင်ဦးခရိုင် (ပြန်/ဆက်)