မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ကိုဗစ်−၁၉ Positive လူနာ အသက်(၁၀၀)အဖွား ဆေးရုံက ဆင်း၍ Home Quarantine (၇)ရက်ပြည့်နေ့တွင် မြို့နယ်ကိုဗစ် ကော်မတီမှ တာဝန်ရှိသူများ သွားရောက် တွေ့ဆုံ

ရန်ကုန် အောက်တိုဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မြေးဖြစ်သူ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူ၏ Contact Person အဖြစ် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရသော အင်းစိန်မြို့နယ်၊ ဖော့ကန် ရပ်ကွက်၊ရဲဘော်(၁)လမ်းမှ အသက်(၁၀၀)အရွယ်ရှိ အဖွား ဒေါ်သိန်းခင်သည် ကျန်းမာစွာဖြင့် ဆေးရုံက ပြန်ဆင်းလာနိုင်ပြီဖြစ်သည်။
အင်းစိန်(GTI) Quarantine Center-1သို့ Quarantine ဝင်ရန် ရောက်ရှိလာသည့် အဖွားဒေါ် သိန်းခင်သည် Swab Test စစ်ဆေးပြီးနောက် စက်တင်ဘာလ(၂၃)ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် Positive လူနာအဖြစ် ပါဝင်ခဲ့ပြီး အင်းစိန်မှ ရိုးမရိပ်သာ ကုသရေးစင်တာသို့ လွှဲပြောင်း ကုသမှု ခံယူစေခဲ့ရာမှ အောက်တိုဘာလ (၈)ရက်နေ့တွင် Negative ပြန်ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်စွာဖြင့် အင်းစိန်မြို့ နယ်၊ဖော့ကန်ရပ်ကွက်၊ရဲဘော်(၁)လမ်း နေအိမ်သို့ ပြန်လည်ရောက်ရှိ လာနိုင်ခဲ့ပြီးဖြစ်သည်။
အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်၊ရဲဘော်(၁)လမ်း နေအိမ်တွင် (၇)ရက် Home Quarantine နေခဲ့ပြီး ယမန်နေ့ (၇)ရက်ပြည့်မြောက်သည့်နေ့တွင် အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများဖြစ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်တို့က သွားရောက်တွေ့ဆုံ ဂါရဝပြုကန်တော့ခဲ့ပြီး အဖွား၏ ကျန်းမာရေးကောင်း မွန်နေခြင်း၊ ကိုဗစ်ကို အံတုခုခံ အနိုင်တိုက်နိုင်ခဲ့ခြင်းများအပေါ် သတင်းမေးမြန်းခဲ့ကြောင်း တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ထံမှ သိရသည်။
အဖွား ဒေါ်သိန်းခင်သည် ကုသရေးစင်တာမှ ပိုးကင်းစင်သက်သာပြီး ကျန်းမာရေး ကောင်းမွန်စွာဖြင့် ပြန်လည်ဆင်းလာနိုင်သည့် အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားပြီး ရောဂါပိုးကင်းစင်၍ ပြန်လည်သက်သာ လာသူ လူဦးရေ(၅၀၀)ကျော်အနက် အဖွား ဒေါ်သိန်းခင်လည်းအပါအဝင်ဖြစ်သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)