မိုင်းယု ဩဂုတ် ၁၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် မိုင်းယောင်းမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ပေးရသည့် ရည်ရွယ်ချက်နှင့်အတူ မည်သို့အသုံးပြုရမည့်နည်းလမ်းများစသည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့သည့် ပုလဲဓာတ်မြေဩဇာများကို တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်၊ မြို့နယ်နှင့်မြို့အဆင့်ရှိ ဌာနဆိုင်ရာများက မြို့မရပ်ကွက်၊ တာကြန့်ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ တောင်သူများကို အသီးသီးပေးအပ်ခဲ့ပြီး တောင်သူအားလုံးကိုယ်စား မြို့မရပ်ကွက်ရှိ တောင်သူဦးလော်ကောင်းက ထောက်ပံ့ပေးအပ်မှုအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်