ဟိုပုံး ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေထုတ်ချေးပေးခြင်းအခမ်းအနားကို ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ လုပ်ငန်းများအတွက် အရင်းမပျောက် ချေးငွေများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး(ညွှန်ကြားရေးမှူး)ဦးတင်ထူးမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးခွန်လှသိန်းတို့က ပင်လောင်းမြို့နယ်၊ နောင်မွန်ကျေးရွာ နွားမွေးမြူသူအစုအဖွဲ့နှင့် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းဒေသ ငါးမွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမလီမိတက်တို့ကို ချေးငွေများ အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ရန်ပုံငွေချေးယူထားသောအစုအဖွဲ့များအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေးပေးထားသောလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ကာ ရန်ပုံငွေများလေလွှင့်ဆုံးရှုးမှုများမဖြစ်စေရန် အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး (ညွှန်ကြားရေးမှူး)ဦးတင်ထူးမောင်၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် ရန်ပုံငွေချေးယူသည့် အစုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)