မုဒုံ သြဂုတ် ၁၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (ဗိုလ်တေဇ)၌ ကျင်းပသည်။
ဦးစွာ ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားပြီး ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကျော်ထူးက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လက်ရှိကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဥ်များ၊ လူကုန်ကူးမှုဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြစ်မှု ပြစ်ဒဏ်များနှင့် လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား အသိပညာပေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက လူငယ်နှင့်စာဖတ်ခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသိပညာတိုးပွားစေရေး၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းစသည့် နံရံကပ်ပိုစတာများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူစုစုပေါင်း ၁၂၀ ဦးတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)