ညောင်ဦး ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ငါ့သရောက်မြို့ မြို့ပေါ်နှင့်ကျေးလက်တောင်သူများ စီးပွားဖြစ်နှစ်ရှည်ပင်ဖြစ်သော လျှော်ဖြူစိုက်ပျိုးမှုများလာကြောင်း လျှော်ဖြူ ၁၀ ဧကကျော်စိုက်ပျိုးထားသည့် ငါ့သရောက်မြို့အမှတ်(၂)ထန်းငယ်တောရပ်နေ ဦးအောင်ဆန်းကပြောပြသည်။
ငါ့သရောက်နယ်သည် သီးနှံစိုက်ပျိုးရေးအတွက် မိုးရာသီကိုသာ မှီခိုအားထားစိုက်ပျိုးရေးလုပ်ကိုင်နေရသော မိုးခေါင်ရေရှားဒေသဖြစ်ကာ တနှစ်ပတ်လုံး မိုးရေချိန်နှစ်ဆယ်လက်မအောက်ဟုဆိုသော်လည်း တစ်နှစ်ပတ်လုံး ဆယ်လက်မ ပတ်ဝန်းကျင်သာမိုးကျလေ့ရှိသောဒေသဖြစ်ကြောင်း မြို့မိမြို့ဖတစ်ဦးကပြောပြသည်။ ငါ့သရောက်မြို့တွင် ရာသီဉတုဖောက်ပြန်မှုကြောင့် နှမ်း၊ မြေပဲသီးနှံမရသည့် နှစ်ကလည်း အများစုနှစ်များဖြစ်ကြောင်း သန်မာထွားကြိုင်းသော အမျိုးသားများ ပြင်ပထွက်အလုပ်လုပ်နေကြပြီး ထန်းတောင်သူများနှင့်စိုက်ပျိုးရေးလုပ်ကိုင်နေသည့်တောင်သူများ တဖြည်းဖြည်းပြည်ပနိုင်ငံများသို့ ထွက်ရောက်အလုပ်လုပ်ကိုင်နေသည့် အရေအတွက်သည်ပင် အချို့သောရွာများ အမျိုးသားရွာထဲမကျန်သလောက် ပြင်ပထွက်အလုပ်လုပ်နေသည်မှာ အနာဂတ်စိုက်ပျိုးရေးအတွက် စိုးရိမ်ရသည့်အနေအထားနှင့် ရာသီဉတုဖောက်ပြန်မှုက ကျေးလက်နေတောင်သူများရွေးချယ်စိုက်ပျိုးရမည့်သီးနှံများကို နှစ်ရှည်သီးနှံပင်များရွေးချယ်စိုက်ပျိုးလာခြင်းက စွန့်စားမှုတစ်ရပ်ဖြစ်လာကြောင်း လျှော်ဖြူစိုက်ပျိုးထားသည့် ဦးအောင်ဆန်းကပြောပြသည်။
လျှော်ဖြူစိုက်ပျိုးရာတွင်လည်း ကျောက်ပန်းတောင်း၊ ပုပ္ပား၊ ဆည်ပေါက်စိုက်ပျိုးရေး ပျိုးပင်အရောင်းဆိုင်များမှ အနည်းအကျင်းဝယ်ယူကြသလို ဝမ်းတွင်းမြို့၊သဲတောနယ်ဘက်မှ လျှော်ဖြူမျိုးစေ့များ ကိုယ်တိုင်ကိုယ်ကျသွားရောက်ဝယ်ယူကာ ပျိုးထောင်(မျိုး)ကာ ပျိုးသန့်မျိုးသန့်စိုက်ပျိုးမှုများလာကြောင်း သိရသည်။ သဲတော-ဝမ်းတွင်းမြို့များမှ ရောင်းချသည့်လျှော်ဖြူမျိုးစေ့များ တစ်ပြည်လျှင် တစ်သောင်းငါးထောင်ကျပ်ဖြင့် ဝယ်ယူကာပျိုးထောင်ပြီးစိုက်ပျိုးကြောင်းသိရကာ အချို့လျှော်ဖြူပျိုးစေ့ တစ်ပြည်ငါးထောင်ကျပ်ဖြင့်ရသော်လည်း ပျိုးထောင်ပြီး ပြန်လည်ရောင်းချသူများသာ ဈေးချိုတန်ဝယ်ယူပြီး ပျိုးထောင်ရောင်းချကြောင်း ဆည်ပေါက်ကျေးရွာ The Tree ပျိုးပင်စုံရောင်းဝယ်ရေးမှ မဖူးဖူးကပြောပြသည်။
ငါ့သရောက်မြို့နယ်တွင် ဧကများများစိုက်ပျိုးမည့်သူများသည် ပျိုးပင်များဝယ်ယူမစိုက်ပျိုးဘဲ လျှော်ဖြူမျိုးကောင်းမျိုးသန့်ပျိုးစေ့များ ကိုယ်တိုင်ဝယ်ယူပျိုးထောင်ကာစိုက်ပျိုးကြကြောင်းသိရပြီး လျှော်ဖြူစေ့ပျိုးထောင်ပြီး သုံးလခွဲလေးလရောက်လျှင် စိုက်ခင်းစိုက်ပျိုးမည့်မြေကျင်းများသို့ရွေ့ကာ စိုက်ပျိုးကြောင်းသိရသည်။ ငါ့သရောက်မြို့နယ်သည် ဇူလိုင်လနှင့်ဩဂုတ်လနှစ်လသည် နှစ်တိုင်းမိုးပုံမှန်ရွာသွန်းသည့်လဖြစ်ခြင်းကြောင့် နှစ်ရှည်သီးနှံပင်များစိုက်ပျိုးရန်အသင့်တော်ဆုံးလဖြစ်ကြောင်း ဦးအောင်ဆန်းမှပြောပြသည်။ လျှော်ဖြူစိုက်ပျိုးရာတွင် ကွက်စိပ်ဆယ့်ခြောက်ပေပတ်လည်ကျင်းတူးကာ စိုက်ပျိုးပြီးလျှော်ဖြူပင်များအား နှစ်ပတ်ခန့်အထိရေလောင်းပေးကြောင်း လျှော်ဖြူပင်သည် ဉပါသည့်အပင်ဖြစ်ပြီး ပင်ကြီးအမျိုးအစားဖြစ်ခြင်းကြောင့် ရာသီဉတုပူပြင်းသည့်ဒဏ်ခံနိုင်ကာ တော်ရုံဖြင့်မသေကြောင်းသိရသည်။ ငါ့သရောက်မြို့တွင်နှစ်ရှည်စိန်တစ်လုံးသရက်စိုက်ပျိုးခြင်းနှင့် လျှော်ဖြူနှစ်ရှည်ပင်များစိုက်ပျိုးမှုများလာခြင်းကြောင့် ရာသီဉတုကောင်းမွန်လာဖို့ တစ်ထောင့်တစ်နေရာမှအကျိုးပြုတော့မည်ဖြစ်ကာ လျှော်ဖြူစေးထုတ်နိုင်သည့် အဆင့်ရောက်လျှင်တော့ လျှော်ဖြူစေးထုတ်ယူပုံများနှင့်ဈေးကွက်အနေအထားများကို ကိုယ်တိုင်သွားရောက်လေ့လာမည်ဖြစ်ကြောင်း လျှော်ဖြူစိုက်တောင်သူများထံက သိရသည်။
ဒီပါလင်း