တန့်ယန်း သြဂုတ် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပြည်သူ့ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်မည့် သံဃာ့ဆေးရုံအတွက် ကော်မတီများဖွဲ့စည်းခြင်းနှင့် ပထမအကြိမ် အလှူတော်ငွေပေးအပ် လှူဒါန်းပွဲအခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သံဃာ့ဆေးရုံတည်ဆောက်နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းခြင်းနှင့် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြုဆရာတော်အဂ္ဂမဟာကမ္မာဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ၊ ကိုင်းကုန်းပရိယတ္တိဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကုသလတို့က သြဝါဒကထာများကို မိန့်ကြားကြပြီး နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးတင့်နိုင်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့်တာဝန်ရှိသူများ၊ မြို့မိမြို့ဖများက သံဃာ့ဆေးရုံတည်ဆောက်ရေးအတွက် အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာကမ္မာဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ အပါဝင်ဆရာတော် သံဃာတော်များ၊ ခရိုင်နှင့်မြို့နယ်တို့မှ ဌာနဆိုင်ရာများ၊ အလှူရှင်များက အလှူတော်ငွေများကို တာဝန်ရှိသူများထံ ပထမအကြိမ်အဖြစ် ဆက်ကပ်လှူဒါန်းကြရာ စုစုပေါင်း ငါးရာခုနှစ်ဆယ့်တစ်သိန်းကျော် ရရှိခဲ့ကြောင်းသိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)