တာလေ ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဉီးစီးမှူးဒေါ်ယဉ်ယဉ်ဝင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ''လူငယ်နဲ့စာပေ''ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်သည်အနာဂတ်၏ အလင်းတန်းများဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို လက်ဆင့်ကမ်းသယ်ပိုးသွားရမည့် နိုင်ငံ့ခေါင်းဆောင် လောင်းများလည်းဖြစ်ကြောင်း၊ ယခုလူငယ် နောင်ဝယ်လူကြီးဖြစ်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် စာအုပ်၊ စာစောင်များအား လေ့လာဖတ်ရှုကြစေလိုကြောင်း၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိကာ အသိဉာဏ်ပညာများ ကြွယ်ဝပြည်စုံလာမည်ဖြစ်ကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာ ပေးနံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ဖတ်ရှု့လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း (ပြန်/ဆက်)