ဆွမ်ပရာဘွမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်

ဆွမ်ပရာဘွမ် သြဂုတ် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲက လူကုန်ကူးမှု တားဆီးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၁၂၅)ဦး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာ ဖွဲ့စည်းတာဝန်ပေးအပ်မှုများ၊ လူကုန်ကူးမှုလုပ်ငန်းစဉ်(၃)ဆင့်အပါအဝင် လူကုန်ကူးမှုခံရခြင်းကြောင့် ရရှိနိုင်သောဆိုးကျိုးများ၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဉပဒေများ၊ လူကုန်ကူးခံရပါက အထောက်အကူရရှိနိုင်မည့်အဖွဲ့များကို လည်းကောင်း၊ မြို့နယ်ရဲတပ်မှူး ရဲမှူးဝင်းဇော်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်အကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှု၊ ပြစ်ဒဏ်များ၊ ကျောင်းသား/ကျောင်းသူများ သိရှိလိုက်နာသင့်သည့် အချက်များကို ပရိုဂျတ်တာ(Projector) ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုး မြှင့်တင်နိုင်စေဖို့ စာများများဖတ်ပြီး များများတွေးစေလိုကြောင်း၊ မြို့နယ်အမျိုးသမီးရေးရာ/မိခင်နှင့် ကလေးဉက္ကဋ္ဌ ဒေါ်အေးအေးကျော့က ကျောင်းသား/ကျောင်းသူများ အနေဖြင့် လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အမှား/အမှန်ဝေဖန်နိုင်စေဖို့  များများလေ့လာရန်စသည့် အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းဆိုင်ရာ သိမှတ်ဖွယ်ရာ အထွေထွေ ဗဟုသုတမေးခွန်းများ မေးမြန်းရာ အဖြေမှန်ဖြေဆိုနိုင်သည့် ကျောင်းသား /ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး ဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများထံ လူကုန်ကူးမှုအသိပညာပေး လက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

နန်းမြင့်(ဆွမ်ပရာဘွမ်)