လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အ.ထ.က(၈)တွင်  ဟောပြောပွဲ၊ ကျပန်းစကား‌ ပြောပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

လှိုင်သာယာ သြဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ အ.ထ.က(၈)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန် ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉.၀၀) နာရီ က အ.ထ.က(၈) တွင် ပြုလုပ်သည်။

ရှေးဦးစွာ  လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀) ရပ်ကွက်အ.ထ.က(၈) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစံသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က  ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးသန်းမြင့်‌ဝေက အနာဂတ်ကို ထုဆစ်ပုံဖော်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာရေးဆရာ ဦးမောင်မောင်က ငှက်လေးမျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးဆန်းမင်းသိုက်က မိဘကျေးဇူးခေါင်းစဉ်ဖြင့်  အသီးသီး အသိပညာပေး ဟောပြောကြသည်။ ဆက်လက်၍ အ.ထ.က(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၇)ဦးက မိဘကျေးဇူးခေါင်းစဉ်ဖြင့် ကျပန်းစကား‌ပြော ပြိုင်ပွဲကို ယှဉ်ပြိုင်ကြသည်။

ထို့နောက် ကျပန်းစကားပြော ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကျောင်းသား /ကျောင်းသူများအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ က ဆုများ အသီးသီးချီးမြှင့်ကြသည်။

ဟောပြောပွဲသို့ ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် စာရေးဆရာများ၊ အ.ထ.က(၈)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၀၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရသည်။

မြင့်ဇော်