အမရပူရမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

 အမရပူရ သြဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တမုတ်ဆိုးမိန်းမြောင်းမကြီးပေအရှည်သုံးသောင်းနှင့် တမုတ်ဆိုးဘီမြောင်းပေအရှည်ခုနှစ်ထောင်ကို သဲနှုန်းတူးဖော်ခြင်းလုပ်ငန်း၊ ခြောက်နံပါတ်ရေအကူမြောင်းပုံစံကျပြုပြင်ခြင်းနှင့် ရေသွင်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ထွန်းနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီးတမုတ်ဆိုးမြောင်းမကြီးဘေးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းက တွေ့ဆုံရသည့်ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ထွန်းက စိုက်ပျိုးကြီးကြပ်အဖွဲ့များပါလာကြောင်း တောင်သူများလိုအပ်ချက်ကိုတင်ပြနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးကြီးကြပ်အဖွဲ့ဝင်များက လယ်ယာမြေနှင့်ပတ်သက်သည့်လိုက်နာရမည့်အချက်များကိုလည်းကောင်း၊ စိုက်ပျိုးရေးအတွက်မြေသြဇာအသုံးပြုနည်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။ ယင်းနောက်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိဦးလှိုင်ထက်ဝင်းကရှင်းလင်းပြောကြားရာတွင် တမုတ်ဆိုးဘီမြောင်းမှလယ်ဧက၅၃၉ဧကကိုအကျိုးပြုလျက်ရှိပြီး တမုတ်ဆိုးမိန်းမြောင်းမကြီးသည်လယ်ဧက ၆၇၄၁ ဧကကိုအကျိုးပြုလျက်ရှိကြောင်းနှင့် တောင်သူများလိုအပ်သည့်​ခြောက်နံပါတ်ရေအကူမြောင်းကို မြောင်းပုံစံကျပြုပြင်ခြင်းနှင့်ရေသွင်းတံခါးတည်ဆောက်ခြင်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိကြောင်း ယခုသဲနှုန်းတူးဖော်သည့်မြောင်းများသည် တမုတ်ဆိုး၊ မန်ကျည်းကိုင်း၊ ဆောက်တောဝ၊ ပြည်လုံးကျော်နှင့်တလင်းကြီးကျေးရွာများရှိတောင်သူများကို အကျိုးပြုလျက်ရှိကြောင်းရှင်းလင်းပြောကြားခဲ့ပြီး မိုးစပါးစိုက်ပျိုးရာသီတွင် ရေမြောင်းများရေပေဝေထားရှိမှုအခြေအနေများကို လိုက်လံပြသပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)