ကျောက်ဆည် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ဩဂုတ်(၁၆)ရက် နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း Grade-12 မှ ကျောင်းသား/ကျောင်းသူလေး များက “တို့ကျောင်းတော်” သီးချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁)ဦးသာဆန်းက “ကျန်းမာပျော်ရွှင်ပညာသင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်းတီးစို့ “ ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကိုယ်ကျန်းမာခြင်း၊ စိတ်ကျန်းမာခြင်း၊ လူမှုရေးကျန်းမာခြင်းများ ရရှိရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်ရေးအတွက် တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ကိုယ်လက်လှုပ်ရှားအားကစား၊ ယာဉ်စည်ကမ်း လမ်းစည်ကမ်းများ၊ ဆေးလိပ်နှင့်ကွမ်း ရှောင်ရှားရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ အဟာရပြည့်ဝသော အစားအစာများ၊ သန့်ရှင်းသော သောက်သုံးရေများ သုံးစွဲရေးနှင့် ခေတ္တမြို့နယ်ပညာရေးမှူးဒေါ်ခင်မာလာ အခြေခံပညာကျောင်းတွင် ဘဝတွက်တာကျွမ်းစရာ ဘာသာရပ်များအား စနစ်တကျသင်ကြားရေး၊ ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းများ စနစ်တကျ ဖော်ဆောင်ရေးလုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန့်ဝင်းနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာ ကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)