ဇေယျာသီရိမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာ‌စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဇေယျာသီရိ ဩဂုတ် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာ‌စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြည်စုံအောင်အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကြည်အေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇေယျာသီရိမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အနေဖြင့် ဘက်စုံထူးချွန်သည့် လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ယခုလိုဟောပြောပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်နောက် ဇေယျာသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင် စာရေးဆရာ စိန်ဝင်းနွယ်က အဖိုးတန်လှသည့်ဆရာ့စကား၊ စာရေးဆရာ ရဲမွန်ကျော်က နောက်တစ်ချက်ထပ်ရိုက်ပေးပါ ခေါင်းစဉ် ဖြင့်ဟောပြောခဲ့ပြီး နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာမ ချယ်ချယ်(YU)က သူရဲကောင်းများရဲ့ ချစ်ခြင်း ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေ ကြားပေးခဲ့သည်။  

အဆိုပါ ဟောပြောပွဲသို့ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင် များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)