ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

ပင်းတယ       ဩဂုတ်  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ကြူကြူလှိုင်က အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှု အန္တရာယ်အကြောင်း သိကောင်းစရာများကိုအသိပညာပေး ဟောပြောသည်။ ယင်းနောက် မြို့နယ်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းခေတ္တာမောင်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများ ကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ဟောပြောခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အမေးအဖြေများပြုလုပ်ကာ ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား အမှတ်တရဆု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၃၀)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ဟောပြောပွဲသို့ တက်ရောက်လာကြ သည့် ကျောင်းသား/ကျောင်းသူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာအသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစားဖြင့် လေ့လာဖတ်ရှု ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)