မိုင်းဖြတ် ဩဂုတ် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)မှ လူငယ်နဲ့ စရိုက်ဆိုးစာအုပ်ဖြင့် ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ ၂နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းက လစဉ် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်နေခြင်းနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) ဥက္ကဋ္ဌ ဦးမျိုးတင့်က စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူမှုဘဝ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် စာရေးဆရာ မောင်မင်းစိုးရေးသားထားသည့် လူငယ်နဲ့စရိုက်ဆိုး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများဖြစ်ကြသည့် ဒေါ်သိမ့်သိမ့်ထွန်းက လူငယ်နဲ့စည်းကမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်မျိုးသီရိက လူငယ်နဲ့ ကျင့်ဝတ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ခင်မောင်ရွှေဗစ်က ယနေ့လူငယ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စာဖတ်ဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် (အခမဲ့) ငှားရမ်းဖတ်ရှုနိုင်သည့် သုတ၊ ရသ စာပေများကို စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)