မိုင်းဆတ်မြို့နယ် အ.မ.က(မယ်ကျန်း)၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မိုင်းဆတ် ဩဂုတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် အ.မ.က(မယ်ကျန်း)၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်(၁၁)နာရီက ကျန်းမာရေးဌာနဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအနေဖြင့် အထက်တန်းသူနာပြု ဆရာမကြီး ဒေါ်ညိုညိုလွင်က တစ်ကိုယ်ရေသန့်ရှင်းရေး လေ့ကျင့်စဉ်(၁၀)ချက်ကို ကျောင်းသား၊ ကျောင်းသူများ မှတ်မိလွယ်စေရန် ကဗျာပုံစံရွတ်ဆို၍ အသေးစိတ်ရှင်းလင်းဟောပြောပြီး သွေးလွန်တုပ်ကွေးရောဂါ အကြောင်းသိကောင်းစရာများနှင့် ဖုံးအုပ်မထားသည့် အစားအစာများ၊ မသန့်ရှင်းသော အစားအစာများကို စားသုံးခြင်းကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြော ခဲ့သည်။

ထို့နောက် အထက်တန်းသူနာပြုဆရာမကြီး ဒေါ်ညိုညိုလွင်နှင့် ဝန်ထမ်းများက ကျောင်းသား၊  ကျောင်းသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပြီး တစ်ဦးချင်း ကျောင်းကျန်းမာရေး မှတ်တမ်းကတ် ရေးသွင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)