ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ပေးအပ်သည့် ဓာတ်မြေဩဇာများကို မိုင်းဆတ်မြို့၌ ဆက်လက်ထောက်ပံ့ပေးအပ်

မိုင်းဆတ် ဩဂုတ် ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိ‌ရေးအတွက်ပေးအပ်သည့် ဓာတ်မြေဩဇာ ထောက်ပံ့‌ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်(၈)နာရီက  မိုင်းဆတ်မြို့နယ်၊ ဝိန်းနေရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးသန့်၊ မျိုးပွား မိုးစပါးစိုက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဓာတ်မြေဩဇာ အခမဲ့ထောက်ပံ့ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ မိုင်းဆတ်မြို့နယ်အတွင်း ဝမ်းစာဖူလုံမှုရှိစေရန်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးပြီး မျိုးကောင်းမျိုးသန့်များ ပွားများလာစေရန်အတွက် တောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က မယ်ဆွမ်တောင်ရပ်ကွက်၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝိန်းနေ ရပ်ကွက်၊ ကျဒယ်ရပ်ကွက်နှင့် မယ်နင်ကျေးရွာတို့မှ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးမည့် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်သဲနုဝေ က မျိုးသန့်မျိုးပွား စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ခြောက်တန်း တစ်တန်းလပ် စိုက်ပျိုးနည်းများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဦးအောင်ကျန်က ဓာတ်မြေဩဇာအကျိုးရှိစွာ ထည့်သွင်းအသုံးပြုနည်းများကို အကျယ်တဝင့် ရှင်းလင်းပြောကြားကာ မိုင်းဆတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် မျိုးသန့်မျိုးပွား မိုးစပါးစိုက်ကွင်းအတွင်း ဓာတ်မြေဩဇာကြဲပက်ခြင်းများကို တောင်သူများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)