ပုဏ္ဏားကျွန်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပုဏ္ဏားကျွန်း  ဩဂုတ် ၁၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ် အထိမ်းအမှတ်၊ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက မိခင်များ နို့ချိုတိုက်ကျွေးရေးနှင့်အာဟာရဖွံ့ဖြိုးတိုးတက်ရေး အရေးပါပုံကို ပြည်သူလူထုများ ပိုမိုသိရှိ လာစေပြီး အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပူးပေါင်းလက်တွဲဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းမှာကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်းက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ကျန်းမာရေးအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထိုနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်တာဝန်ရှိသူများက တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပြီး ခင်းကျင်းပြသထားသော အစာအုပ်စု(၃)အား လှည့်လည်ကြည့်ရှုကာ အသက်(၅)နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ)ဆေးလုံး တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)