ထန်းတပင်(ရန်ကုန်)၊ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ကောင်းများတိုးတက်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုသည့် အလေ့အထများရှိလာစေရန် ရည်ရွယ်၍ ဩဂုတ်လ (၁၆) ရက်နေ့၊ နံနက်ပိုင်းက အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် အ.ထ.က (ထန်းတပင်) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအေးမောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးက စာရေးဆရာဒေါက်တာကျော်စိန် ရေးသားထားသည့် “လူငယ်လမ်းညွှန်” စာအုပ်မှလူငယ်များနှင့်မလိုလားအပ်သော အလေ့အထများ ခေါင်းစဉ်ပါအကြောင်းအရာများကို စာကြည့်တိုက်အသင်းဝင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို ဆွေးနွေးရှင်းပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူကလေးများကလည်း စာအုပ်မှလူငယ်များနှင့် မလိုလားအပ်သော အလေ့အထများ ခေါင်းစဉ်ပါအကြောင်းအရာများကို အလှည့်ကျဖတ်ကာ ပြန်လည်၍ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေကိုချစ်မြတ်နိုးသူများနှင့်စာဖတ်ပရိသတ်များအတွက် စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိသည့်အပြင် ပြည်သူ့စာကြည့်တိုက် Facebook Pageတွင်လည်း Talk Show အသိပညာပေးခြင်း၊ စာအုပ်မိတ်ဆက်၊ ပုံပြော၊ ကဗျာရွတ်များ စီစဉ်တင်ဆက်ခြင်းနှင့် ပြည်သူ့စာကြည့်တိုက်တွင်လည်း သုတ၊ ရသစာအုပ်စာစောင်မျိုးစုံတို့ကိုလည်း စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုနိုင်ရေးဝန်ဆောင်မှုများကို ပေးလျက်ရှိကြောင်းလည်းသိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)