ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောက်ဖြူ ဩဂုတ် ၁၇

လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်များ တိုးပွားလာစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိနိုင်စေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်း ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများအား “အကျင့်စာရိတ္တကောင်းမွန် ရေးနှင့်ထူးချွန်ကျောင်းသားများပေါ်ထွန်းလာစေရေး” ခေါင်းစဉ်ဖြင့်ဟောပြောရာတွင် ကျောင်းသား၊ ကျောင်သူများအနေဖြင့် ကျောင်းစာအပြင် ဗဟုသုတများကြွယ်ဝပြီး ဘက်စုံထူးချွန်သည့် လူတော်၊ လူကောင်းများဖြစ်လာရန်အတွက် သုတ၊ ရသစာပေများကိုလည်း လေ့လာဖတ်ရှုရမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံခေါင်းဆောင်များဖြစ်လာမည့် သားကောင်းရတနာလေးများသည် နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူး ကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်၊ စာစောင်များကို အခမဲ့ဖတ်ရှုငှားရမ်းနိုင်ပြီး ပြိုင်ပွဲများ နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း စသဖြင့် လူငယ်များဘက်စုံ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)