အမ်း ဩဂုတ် ၁၇
ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီက ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ဝိုင်း ကျင်းပရခြင်းရည် ရွယ်ချက်နှင့် စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ကလေးတို့အတွက် မြန်မာစကားပုံများ စာအုပ်မှ ပုံပြင်များကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်း၌ ကျောင်းသားမောင်သက်ပိုင်စိုးက ကျွဲပါးစောင်းတီး၊ နွားကွဲကျားကိုက်၊ သူခိုးပြေးမှ ထိုးကွင်းထ အစရှိသည့်ပုံပြင်များကို ဖတ်ကြားဆွေးနွေးခဲ့ပြီး ကျောင်းသား မောင်သူရ၊ ကျောင်းသူ မခိုင်ဇာလင်း၊ မဇာခြည်၊ မလင်းလင်း တို့က သဲထဲရေသွန်၊ လယ်ထွန်သွားနွားမေ့၊ လသာတုန်း ဗိုင်းငင်၊ အရိပ်ပြအကောင်ထင်၊ သစ်ပင်တစ်ပင်ကောင်း ငှက်တစ်သောင်းနားရ အစရှိသည့်ပုံပြင်များကို အသီးသီး ဖတ်ကြားခဲ့ကြသည်။
ထို့နောက် ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း