မလှိုင်မြို့၌ ဝါတွင်းကာလ တတိယအပတ်အဖြစ် ဆွမ်း၊ ဆွမ်းဟင်းများဆက်လက်လောင်းလှူ

မလှိုင် သြဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ ကျောင်းတိုက်ပေါင်း (၃၁)တိုက်တို့တွင်ဝါဆိုကြသည့် သံဃာတော်(၃၄၇)ပါးတို့အား ဝါတွင်းကာလ တတိယအပတ်အဖြစ် ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်များဆက်လက်လောင်းလှူပွဲကို ဒုတိယဝါဆိုလပြည့်ကျော်(၁၅)ရက် ယမန်နေ့နံနက်(၉)နာရီခွဲက မလှိုင်မြို့သမိုင်းဝင် ရွှေမုဌောစေတီတော်မြတ်ကြီး၏ ဆွမ်းလောင်းဓမ္မာရုံအတွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆွမ်း၊ ဆွမ်းဟင်း မလောင်းလှူမီ ဆွမ်းရေစက်ချ အနုမောဒနာတရားကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေသွေးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ ဇီးပင်ကန်ကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥတ္တရထံမှရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့ အတွက်ရေစက်ချတရားကို ဆရာတော်ထံမှပင် နာယူကာ အမျှအတန်းများပေးဝေခဲ့ကြသည်။

ထို့နောက် မြတ်စွာဘုရားအမှူးရှိသော ပင့်သံဃာတော် (၃၄၇)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ ဆွမ်း၊ ဆွမ်းဟင်းများနှင့်ဘောဇဉ်များ ဆက်ကပ်လောင်းလှူခဲ့ကြသည်။ ဝါတွင်းကာလ (၁၃)ပတ်တွင် ဆွမ်း၊ ဆွမ်းဟင်းများ အပတ်စဉ် ဆက်ကပ်လောင်းလှူ သွားမည်ဖြစ်ပြီး ယမန်နေ့ ဆက်ကပ်လှူဒါန်းမှုမှာ တတိယအကြိမ်မြောက် လောင်းလှူခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)