ပုဇွန်တောင်မြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပုဇွန်တောင် ဩဂုတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)၏ ဦးဆောင်မှုဖြင့် ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာ‌အုပ်ချုပ်ရေးမှူးရုံးတို့ ပူးပေါင်းစီစဉ်ကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပုဇွန်တောင်မြို့နယ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ မြို့နယ်တာဝန်ခံဦးဟန်မျိုးလှိုင်က စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာ၊ အမူအကျင့်ကောင်း၊ အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြား စွန့်ပစ်နိုင်စေရေး၊ သန့်ရှင်းသာယာလှပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ သရုပ်ဖော်တေးသီချင်းများဖြင့် စိတ်ဝင်စားဖွယ် သရုပ်ဖော်တင်ဆက် ဆွေးနွေး ခဲ့သည်။ ဆက်လက်ပြီး အမေးအဖြေများ ဆောင်ရွက်၍ ဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများအား အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြားစွန့်ပစ်နိုင်စေရေး လက်တွေ့လေ့ကျင့်ဆောင်ရွက်စေခဲ့ပါသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ကျော်လွင်က စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်းကောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်လွင်မှ  ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်များနှင့် ဘောလ်ပင်၊ ခဲတံများကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီးနောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ဟန်စုယဉ်