မိုးကောင်းမြို့ Commnity Centre ခန်းမ၌ ဆည်းလည်းသံစာအုပ်ဖြင့် Book Club အဖွဲ့များ စာဖတ်ဝိုင်းကျင်းပ

မိုးကောင်း ဩဂုတ် ၁၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာမ မြကြာငုံရေးသားသည့် ဆည်းလည်းသံနှင့် ရသစုံ ဝတ္ထုများစာအုပ်ဖြင့် Book Club အဖွဲ့ဝင်များက ဩဂုတ် (၁၆) ရက် နေ့လယ် (၁၁) နာရီခွဲတွင် စာဖတ်ဝိုင်းကျင်းပသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဖြိုးဖြိုးကြိုင်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ပြောကြားပြီး ဆည်းလည်းသံနှင့်ရသစုံ ဝတ္ထုများစာအုပ်ထဲမှ ငယ်ငယ်တုန်းကမြနှင်းဆီခေါင်းစဉ်ပါအကြောင်းအရာများဖြင့် မိတ်ဆက်စကား ပြောကြားသည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်မီကိုထွဋ်က ဆည်းလည်းသံခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်အေးအေးအောင်သူက ပွင့်တူရွက်တူခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဒေါ်အိအိထွန်းက ဖုန်းဖုန်း၊ အင်တာနေရှင်နယ်စတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်ဦးဉာဏ်နိုင်လင်းက နယ်သာ လန်ကိုလိုက်ကြမလား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။

ထိုနောက် တက်ရောက်လာသူများမှ ဖြစ်တည်ရာဘဝဖြတ်သန်းရသည့် ခရောင်းလမ်းတွေက တစ်ယောက်နှင့်တစ်ယောက်မတူညီကြ၍ စိတ်သဘောထားချင်းထပ်တူညီမညီ နားလည်ဖို့လိုအပ်သော အကြောင်းအရာများ၊ အတ္တမာနတွေအားပြိုင်ရင်း တဖြည်းဖြည်းဝေးကွာသွားကြသည့် မိဘနှင့်သားသမီး ဆက်ဆံရေးအကြောင်းအရာများ၊ ဝါသနာပါရာစာအုပ်များ ရွေးဖတ်ရမည့်အကြောင်းအရာများကို စာဖတ်သူတို့အချင်းချင်းအပြန်အလှန် အသိအမြင်ဖလှယ်၍ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)